အချိန် နာရီတွေနဲ့ ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့သလို
ဘ၀ ဘ၀တွေဟာလဲ ချိုရေလို့ မရနိုင်လောက်အောင်များပြားခဲ့ပြီ မွေးဖွားခဲ့ပေါင်း အကြိမ်ကြိမ်နဲ့
အို.နာ.သေခဲ့ပေါင်းလဲ နေရာချင်းထပ်ခဲ့ပြီပေါ့….
အနမတဂ္ဃသုတ်မှာလဲ ဗုဒ္ဓဘုရားက ဘ၀သံသရာမှာ မနေဘူးသောအရပ်မရှိသလို
မသေဘူးသောနေရာလဲမရှိခဲ့ဘူးလို့ ဟောမိန့်ထားတယ်မဟုတ်ပါလား….
အကြောင်းရင်းကို ရှာဖွေကြည့်လိုက်တော့ မသိခြင်းများစွာနဲ့
စွဲလန်းခြင်း အနန္တတွေကြောင့်ဆိုတာ သိလိုက်ရတယ်…ပြင်ဆင်ချိန် ပြင်ဆင်ခွင့်တွေ အလီလီရခဲ့လိမ့်မယ်လို့လဲ
တွေးထင်မိတယ်…မသိခြင်းဆိုတဲ့ အ၀ိဇ္ဖာ-အမှောင်ထုကရစ်ပတ်အုံ့ဆိုင်းဖုံးလွမ်းထားပြီး၊တဏှာ-ဆိုတဲ့
တပ်မက်စွဲလန်းနှစ်သက်ခြင်းတွေကလဲ ဆွဲတုတ်ချည်နှောင်ထားလိုက်လို့သာ သံသရာ ၀ဲဂယက်ကနေ
ရုန်းမထွက်နိုင်တာ ဖြစ်ခဲ့ရလိမ့်မယ်…..
မသိလို့ စွဲလန်း၊ စွဲလန်းလို့ ရုန်းမထွက်နိုင်ဖြစ်ပြီး
သံသရာ ၀ဲဂယက်ထဲမှာ မွေးဖွားခြင်း.အိုခြင်း.နာခြင်း.သေခြင်းတွေနဲ့ ရစ်ပတ် နပန်းလုံးကာ
အဆူဆူသော မြတ်ဗုဒ္ဓတွေ တရားတည်းဟူးသော ဓမ္မစည်းကြီး ရိုက်တီးကာ အနန္တ စင်္ကြာဝဠာရှိ ဝေနေယျပေါင်း
အသင်္ချေ အနန္တများစွာကို ကယ်တင် ချေချွတ်တော်မူပေမယ့်… မြတ်ဗုဒ္ဒအဆူဆူ တီးခတ် ဆော်ယွန်းတဲ့
ဓမ္မစည်းတော်ကြီးရဲ့ အသံတော်တွေဟာ စင်္ကြာဝဠာ အနန္တကို ပြန့်လွင့် တုန်းဟီးခဲ့ပေမယ့်လဲ
အမှောင်ထုတွေ ပိတ်သည်းကာ စွဲလန်းစိတ်တွေနဲ့ယဇ်မူးနေခဲ့တဲ့ ကျွန်ုပ်တို့တတွေ မကြားသိနိုင်ခဲ့ဘူးလေ….ယခုပစ္စက္ခဘ၀မှာလဲ
မသိခြင်းတရား အမှောင်ထုတွေက ပိတ်ပိတ်သည်းနေဆဲပါ
စွဲလန်းစိတ်တွေကလဲ အထပ်ထပ် ချည်နှောင် ရစ်ပတ်ထားဆဲပါဘဲ…..
တရံတခါမှာ အတွေးလေးတွေဖြန့်ကျက်မိတယ်…. ကျွန်ုပ်သည် သစ်ပင်လေးတစ်ပင်သာ ဖြစ်ချင်လာစမ်းပါဘိ…..ဘာကြောင့်လဲဆိုတော့…သစ်ပင်လေးတစ်ပင်ရဲ့ဘ၀ဟာ
ရာသီအလိုက်ဘဲ၊ ရွက်ဟောင်းတွေချွေလိုက်၊ ရွက်နုတွေဝေလိုက်၊ ပွင့်လိုက်၊
သီးလိုက်ပေါ့…သစ်တစ်ပင်ရဲ့ဘ၀ဟာ အသစ်အသစ်တွေနဲ့ စိမ်းလန်း စိုပြေပြီး သာယာ လှပနေတယ်လေ…..
ဥပမာ…ဆိုကြပါစို့…..
ကျွန်ုပ် ပတ်ဝန်းကျင်က ဗန်ဒါပင်ကြီးပေါ့၊ သူဆိုရင်…ဆောင်းရာသီ ကုန်ဆုံးခါနီးမှာဘဲ
သူရဲ့သန္တာန်မှာ ကပ်တွယ်နေတဲ့ ရင့်ရော် ဟောင်းနွမ်း ခြောက်သွေ့နေတဲ့ သူ့ရဲ့ (ကိုယ်ခန္ဓာအစိတ်အပိုင်းက)
ရွက်ဟောင်း ရွက်ဝါတွေကို နွေဦး လေရူးတွေနဲ့အတူ ခါချပြီး စွန့်ပစ်လိုက်တယ်လေ…ပြီးတော့
နွေဦးရာသီအစ သင်္ကြန်မိုးနဲ့အတူ သူ့ဘ၀ခန္ဓာသစ်ကို စတင်လိုက်တယ်လေ သူ့တစ်ပင်လုံးကို
ဝေဆာစိမ်းလန်းနေတော့တာပါဘဲ….နွေအလယ်မှာ သူများတွေ (အခြားသစ်ပင်တွေ)
ရိုးတန်ကျဲကျဲနဲ့ အဖော်မဲ့အထီးကျန် ခြောက်သွေ့နေတဲ့ အချိန်မှာ…သူကတော့ စိမ်းလန်း စိုပြေနေလေရဲ့
(လန်းနေတယ်ပေါ့) အသက်ရှိ သတ္တ၀ါတွေရဲ့ အပန်းဖြေစရာ နားခိုးစရာ ဖြစ်နေတယ်လေ…ကျွန်ုပ်
အနီးအနားက ဗန်ဒါပင်ကြီးကို ကျွန်တော်အားကျမိပါရဲ့…ဘာလို့လဲဆိုရင်…တစ်နှစ်တခါ သူ့သန္တာန်မှာ
ရှိနေတဲ့ အဟောင်းအညစ်တွေကို စွန့်ပစ်နိုင်တယ်…ကျွန်ုပ်မှာ အသက်ရှိလူသား
တစ်ယောက်ဖြစ်နေလေတော့…ကျွန်ုပ်မှာ ရှိနေတဲ့ စွဲလန်းစိတ် တဏှာ.ဥပါဒါန်နဲ့သံယောဇဉ်တွေ၊
မကျေနပ်မှု့ ဒေါသတွေ၊ နားလည် မပေးနိုင်မှု့ မောဟတွေ၊ ထင်တိုင်း ကြဲချင်တဲ့ မာန်မာနတွေ
စသဖြင့် စသဖြင့်ပေါ့ အကုသိုလ်တရားတွေကို
မစွန့်ပစ်နိုင်ဘူး ဖြစ်နေတယ်၊ တစ်နှစ်လည်း မစွန့်ပစ်နိုင်ခဲ့ဘူး နှစ်နှစ် သုံးနှစ်စသဖြင့်
ယနေ့အချိန်ထိ မစွန့်ပစ်နိုင်သေးဘူးပေါ့…
သေဆုံးသည်အထိများ မစွန့်ပစ်နိုင်ခဲ့လျှင် ကျွန်ုပ်ဘ၀ ရေတိမ်နစ်ပြီပေါ့…
သိလျှက်နဲ့ မိုက်တွင်းနက် နေဆဲ ပါဘဲ…အချိန်မှီသာ မစွန့်ပစ်နိုင်ခဲ့လျှင် လူဖြစ်
ရှုံးပြီပေါ့ (မျိုးကြီးရဲ့ အချိန်မှီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်) ဒီသီချင်းလေးကို
ကြားမိလေတိုင်း ပြင်ဆင်လိုစိတ်တွေ တဖွားဖွားပေါ်လာမိတယ်….
ဒါပေမယ့်….အ၀ိဇ္ဇာ-အမှောင်ထု ပိတ်ဖုံးပြီး တဏှာ-ဆိုတဲ့ စွဲလန်းစိတ်တွေ
အားကြီးနေတဲ့ ပုထုဇဉ် ငမိုက်သား တစ်ယောက်ဖြစ်နေတော့ ရုန်းထွက်ဘို့
ခက်နေတယ်လေ…မသေခင်တော့ ကျွန်ုပ်ဘ၀ရဲ့ ယခုလက်ရှိ အသိဥာဏ်နဲ့
ပြင်ဆင်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ထားမိပါတယ်…လူသား အားလုံးကို
သိစေချင်လိုက်တာ… လူ့ဘ၀ဆိုတာ အလွန်တိုးတောင်းလှပါတယ် ၊ တိုးတောင်းလှတဲ့ လူ့ဘ၀လေး ရလာခိုက်မှာ
အနှစ်မဲ့တဲ့ လာဘ သက္ကာရ သိလောက တွေနောက်ကို လိုက်မနေကြဘဲ ဘ၀သံသရာအတွက် ရိက္ခာထုတ်တွေ
ပြင်ဆင်စုဆောင်းစေချင်လိုက်တာ...ကျွန်ုပ်တို့ တတွေဟာ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား
ရှိစဉ်အခါက လူဆိုး လူမိုက်ကြီးတွေ အဖြစ် ထင်ရှား ကျော်ကြားခဲ့တဲ့ အရှင်ဒေ၀ဒတ်တို့ မင်းသား
အဇာတသတ်တို့ထက် ပိုပြီး မိုက်မဲနေတယ်လို့လဲ တွေးထင်နေမိတယ်… ဘာလို့လဲဆိုတော့….အရှင်ဒေ၀ဒတ်နဲ့
မင်းသားအဇာတသတ်တို့ဟာ လက်ရှိသူတို့ ကျရောက် ခံစားနေရတဲ့ ငရဲက လွတ်မြှောက် လာခဲ့ရင်
ဧကန်မုချ ပစ္စေကဗုဒ္ဓါ-ဘုရားငယ်ဖြစ်ဖို့ နိယမ ဗျာဒိတ်တော် ရရှိပြီးသားသူတွေ ဖြစ်ကြတယ်လေ….ကျွန်ုပ်တို့
တတွေရဲ့ သံသရာအဆုံးကား (ဒု.သ.န.သော.တို့ကဲ့သို့) ကဒါ အန္တော ဘ၀ိဿတိ-အဘယ်အခါမှ
အဆုံးကို တွေ့မြင်နိုင်ပါအံ့။ အားလုံးလည်း ဒီအတွေးအခေါ် အယူအဆ ဆောင်းပါး စာစောင်လေး
ဖတ်ပြီးတာနဲ့ ကျွန်ုပ် ပတ်ဝန်းကျင်က ဗန်ဒါပင်ကြီးလို အဟောင်းအဟောင်းတွေကို
စွန့်ပစ်ကာ အသစ်အသစ်တွေနဲ့ ဘ၀မှာ လန်းဆန်းစွာ ရပ်တည်နိုင်ပြီး ကျွန်ုပ်နဲ့အတူ
အချိန်မှီ ပြင်ဆင်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းရင်းနဲ့ဘဲ
ရပ်နားပါရစေနော်…..
အစဉ်အမြဲကြိုးစားနေမယ့်
အရှင်မဏ်
(မင်းမဟာ)
ပြင်လို့ရမှန်းနားလည်ပါတယ် ဒါပေမဲ့ အကျင့်ဆိုတာက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြင်ဖို့ခက်ခဲတယ်လေ။ မကောင်းမှန်းသိရင်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ဆင်ပါ့မယ် ။
ReplyDelete